Saturday, February 22, 2020

test

test

test

Testing

Testing

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာသမိုင်းအဖွဲ့၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ဂီတပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်များများစွာ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် ရှေးဟောင်း မြန်မာသမိုင်းကြောင်းတစ်လျှောက်တွင် အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများ၊ ဒြပ်ရှိယဉ်ကျေးမှုများအဖြစ် နိုင်ငံတစ်ဝန်း အမြောက်အများ တွေ့ရှိနိုင်ပါကြောင်း၊ ထို့အတူဘာသာရေးဆိုင်ရာကိုးကွယ် ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ပွဲတော်များစသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိတိုင်းရင်းသားလူမျိုးစုအားလုံးတွင်ရှိသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။
ထိုသို့ ခေတ်အဆက်ဆက် ပေါ်ထွန်းတည်ရှိခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူစရာကောင်းလှပါကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များထဲမှ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်း ()မြို့ သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်ကကမ္ဘာ့အမွေအနှစ်အဖြစ် တက်လှမ်းနိုင်ခဲ့သကဲ့သို့ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သည်လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ()ရက်ကအဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါကြောင်း။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်လည်း မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာများ၊ ပုဂံဒေသရှိမြစေတီ (ရာဇကုမာရ်ကျောက်စာနှင့် ပုဂံရွှေစည်းခုံ ဘုရားရှိဘုရင့်နောင်မင်းတရားကြီးခေါင်းလောင်းစာများသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြ ကျောက်စာကိုလည်း ၂၀၁၈ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက်လည်း ၂၀၂၀ပြည့်နှစ်တွင် UNESCO သို့ ဆက်လက် တင်သွင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ကော်မတီများဖွဲ့စည်း၍ အဆိုပြုစာတွဲ Nomination Dossier (Draft)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်တွင် UNESCO World Heritage Centreသို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိယူနက်စကိုဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှတစ်ဆင့် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အဆိုပြုစာတွဲ (အပြည့်အစုံတင်ပြနိုင်ရေးအတွက် ကဏ္ဍအသီးသီးက ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အတူမိမိတို့နိုင်ငံတွင် ဒြပ်မဲ့အမွေအနှစ် ထောင်ပေါင်းများစွာ ရှိပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီအနေဖြင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အတည်ပြုပြီးသည့် စာရင်းအရ (၂၂၁၇)ခုရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကျန်ရှိနေသေးသည့် ဒြပ်မဲ့အမွေအနှစ်များကိုစာရင်းကောက်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အမျိုးသားဒြပ်မဲ့ အမွေအနှစ်စာရင်းသို့ ဆက်လက် သတ်မှတ်ခြင်းများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
UNESCO  ကမ္ဘာ့ဒြပ်မဲ့ အမွေအနှစ်စာရင်းကိုကြည့်ပါက ကမ္ဘာ့နိုင်ငံ (၁၂၇)နိုင်ငံ၏ ကိုယ်စားပြုဒြပ်မဲ့ အမွေအနှစ်စာရင်းသည် (၅၄၉)ခုရှိနေပြီဆိုသည်ကိုတွေ့ရမည် ဖြစ်ပါကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံက တစ်ခုမှမပါရှိသေးပါကြောင်း၊ တစ်နိုင်ငံလုံး လွှမ်းခြုံအောင်ဟုပြောနိုင်သည့် "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသတ်မှတ်နိုင်ရန် ကြိုးစားတင်ပြနေသည်ကို ဆက်လက် တိုက်တွန်း အားပေးပါကြောင်း။ ထိုကိစ္စများသည် မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဆင့်သို့ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှု များပင် ဖြစ်ပါကြောင်း။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေပြီး ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များကိုသာမက တိမ်မြှုပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် သုတေသနပြုရန် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတိအလင်းဖော်ပြထားပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဓိကဦးဆောင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ရှေးဟောင်းအဆောက်အအုံဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများကို ၂၀၁၅ခုနှစ်ကတည်းက ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း၍ ကာကွယ်ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုအသစ် ပြန်လည်ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဥပဒေသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုသာမက ဒေသခံပြည်သူများ၏ လူနေမှုဘ၀နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဟန်ချက်ညီညီပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ရေးဆွဲထားသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသောစတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ အမျိုသားယဉ်ကျေးမှုဗဟိုကော်မတီကို တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း ဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဌာနတစ်ခုနှင့်တစ်ခုအတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာကဏ္ဍအသီးသီးတွင် ပိုမိုတိုးတက် ကောင်းမွန်လာနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ထိုသို့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့် နေရာတွင် အကြံဉာဏ်ကောင်းများနှင့် ပွင့်ပွင့်လင်းလင်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း၍ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွင်းရှိဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေမှုနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အား ယူနက်စကိုအသိအမှတ်ပြုစာရင်း တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)မှ နိုင်ငံတကာဆက်ဆံရေးမှူးဦးမိုးကျော်သန့်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဦးနေဝင်းတို့က ဗဟိုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်(၂၁)ခုအနက် (၁၄)ခုဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ()ခုတို့အား မှတ်တမ်းတင်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုများနှင့် အနုပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက်တက်ရောက်လာကြသူများက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ကျူးကျော် ဝင်ရောက်နေသူများအား အသိပညာပေးရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ ဗိသုကာလက်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဒြပ်မဲ့ယဉ်ကျေးမှုများထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများအပေါ်သို့ တက်ရောက်ခွင့်ကိုထိရောက်စွာတားမြစ် ပိတ်ပင်ပေးနိုင်ရေး၊ ပုဂံဒေသတွင် ဒီဂျစ်တယ်မြေပုံ အသုံးပြုနိုင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ဖွဲ့စည်း၍ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခရီးသွားများအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ကမ္ဘာလှည့်ခရီးသွားများကို အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေရေး၊ ဒြပ်မဲ့ယဉ်ကျေးမှု သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာများ မပျောက်ပျက်စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များသည် ယင်းန်ိုင်ငံ၏ ပုံရိပ်တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံသားအားလုံးအနေဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအလှအပရှုခင်းများနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာလှည့်ခရီးသွားများက များစွာစိတ်ဝင်စားမှုရှိပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုလေ့လာကြည့်လျှင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၉ခုနှစ် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားအဖွဲ့ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများလာရောက် လည်ပတ်သည့် တိုးတက်မှု ၄၀ ဒသမ၂ရာခိုင်နှုန်းရှိသဖြင့် တိုးတက်မှုအမြန်ဆုံးနေရာအဖြစ် ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ တိုးတက်မှုရှိလာခြင်းသည် သက်ဆိုင်ရာကဏ္ဍအသီးသီး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့်ပင် ဖြစ်ပါကြောင်း၊
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းတင်သွင်းမည့် နည်းတူ မြန်မာ့သနပ်ခါးကိုလည်း လက်ရှိစိုက်ပျိုးနေသည့် ဒေသများအပြင် အခြားဒေသများတွင်ပါ တိုးချဲ့စိုက်ပျိုးသွားစေလိုကြောင်း၊ ထို့ပြင် သနပ်ခါး၏ အရေးပါမှုနှင့် အသုံးဝင်မှုကိုလည်း ကမ္ဘာကသိရှိအောင် ကြော်ငြာရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ ရုပ်သေးလောကနှင့် အနုပညာနယ်ပယ်များတွင် ကျွမ်းကျင်သူများ နည်းပါးလာလျက်ရှိရာ ခါးဆက်မပြတ်စေရန် မျိုးဆက်သစ် ပညာရှင်များမွေးထုတ်နိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြား၍ အစည်းအဝေးကိုရုတ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။